WELCOME TO BLESSING POWAH FAMILY

Wednesday 30 November 2011

ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသော ဇနီးကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့်ခင်ပွန်းအား ထောင်ဆယ်နှစ် ပြစ်ဒဏ်ချမှတ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပန်းသေရောဂါ ကုသရန် ငွေအလုံအလောက် မပေးသည့် ဇနီးဖြစ်သူကို ဓါးဖြင့် ခုတ်သတ်ခဲ့သည့် ခင်ပွန်းဖြစ်သူကို တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂.၁.၂၀၀၉ ရက်နေ့ သန်းခေါင်းကျော် ည ၁ နာရီခွဲ အချိန်က မာန်အောင်မြို့နယ် သစ်ပုံစု ကျေးရွာတွင် ဦးဂေါင်းပြောင် ၅၆ နှစ်၏ နေအိမ်၌ လွန်ခဲ့သော ခုနှစ်ရက်ခန့်က ပန်းသေရောဂါ ကုသရန် ရောက်ရှိနေသော မာန်အောင်မြို့နယ် ငရုပ်တောင် ကျေးရွာနေ လုပ်ယာ လုပ်ကိုင်စားသောက်သူ မောင်သန်းတင် ၃၇ နှစ်က ၄င်း၏  ဇနီးဖြစ်သူ မတင်ညွန့်(၃၄) နှစ်၏ ဆွဲကြိုးကို ငွေကျပ် တစ်သိန်းဖြင့် ပေါင်ခိုင်းခဲ့ရာ ဇနီးဖြစ်သူ မတင်ညွန့်က ငွေကျပ် ငါးသောင်းဖြင့်သာ ပေါင်ခဲ့၍ မကျေမနပ်ဖြစ်ကာ စကားများပြီး ဓါးဖြင့် ခုတ်ခဲ့ရာ မတင်ညွန့်၏ လည်ပင်း ယာဘက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

အမှုစစ်စခန်းမှူး ရဲအုပ်သန်းအောင် နှင့် အဖွဲ့က လူသတ်မှု ကျူးလွန်သူအား လိုက်လံရှာဖွေ ဖမ်းဆီးစဉ် မာန်အောင်ရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ၀င်လွင်နှင့် အဖွဲ့တို့က ထပ်မံပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့ရာ ၂.၁၂.၂၀၀၉ နေ့ နံနက်တွင် တရားခံ ကို လက်ရ ဖမ်းဆီး မိခဲ့သည်။ လူသတ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းကိုပါ သိမ်းဆည်း နိုင်ခဲ့သဖြင့် အမှုစစ် စခန်းမှုး ရဲအုပ်သန်းအောင်က အမှုကို ခိုင်မာစွာ တည်ဆောက်လျက် ရဲစခန်း စွဲချက်အမှတ် ၁၁၃/၂၀၀၉ ပြစ်မှု ပုဒ်မအမှတ် ၃၀၂ ဖြင့် ၂၉.၁၂.၂၀၀၉ နေ့က ကျောက်ဖြူခရိုင် တရားရုံးသို့ တင်ပို့ခဲ့ရာ ၂၄.၈.၂၀၁၀ နေ့တွင် တရားရုံးက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် တရားခံ သန်းတင်အား ပြစ်မှုပုဒ်မအမှတ် ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

No comments:

Post a Comment