သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ အိပ်စက်ခြင်းခရီးရှည်၏အစ Friday, March 31, 2006
လွိုင်ကော်
အမှတ်မထင်ပါဘဲ ကံ့ကော်ဝတ်ဆံတွေက ၀ါခဲ့ကြတယ်
နေကွယ်တိုင်း ညှိုးရော်ပေးရတဲ့အထဲမှာ ငါ့လိပ်ပြာတွေ မပါဘူး။
ထူးခတ်ခံထားရတဲ့ ငါ့ရင်ဘတ်တစ်ခြမ်းကို
ငုံ့ကြည့်သံဝေဂရ နောင်တဆိုတာတော့ မရှိခဲ့ဘူး။
ဆိတ်ဖလူးပွင့်တွေကြွေတဲ့နံနက်ခင်းမှာ
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တွေကိုပြန်ကောက်
ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ပြန်လမ်းလျှောက်ခဲ့တယ်။
ငါ့လက်နဲ့ မဆောက်ခဲ့တဲ့တောင်တန်းကို
ငါ... မဖြန်သန်းချင်တာ ဆန်းသလား ။
(ခွဲခွာခဲ့ရတဲ့နေ့ကစလို့)
ချစ်သောတစပြင်လေးမှာ ကဗျည်းပြာရီတွေလွင့်ဝေ ။
ဘာတတ်နိုင်ဦးမှာလဲ
ဟိုးမှာ... အမှောင်ဖြူဖြူတွေက မြူးလွင့်နေတယ်။
နောက်ဆုံးတော့...
ရထားက ဘူတာရုံကိုထားပြီး ထွက်ခွာသွားရရဲ့
ဥသြသံရယ်၊ ဖိနပ်ကလေးတစ်ဖက်ရယ်... စကားပွင့်လေးတွေရယ်
မိုးရွာပြီးကျန်ခဲ့တယ်... ။
မနော်ဟရီ
အာရုံတွေကေ၀၀ါးလို့
မျှော်လင့်ခြင်းတွေကအေးစက်
ခပ်သွက်သွက်သွားနေတဲ့နေ့ရက်များ
တားဆီးရပ်တန့်ထားချင်သလိုလို
မြန်မြန်ပဲကုန်ဆုံးစေချင်သလိုလို... နဲ့
ဘ၀တစ်ခုရဲ့အဆုံး
ဘယ်လိုနိဂုံးချုပ်ခဲ့ရမလဲ.... ။
ချစ်ခင်ခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်
သည်မြေပြင်ထက်ကျန်ရစ်
မေ့ပစ်လိုက်ကြမှာလည်း စိုးသလို
မေ့လို့မရကြမှာလည်း စိုးသလို... နဲ့
ရထားတစ်စင်းရဲ့ခရီးလမ်းဆုံးမြို့
တိတ်ဆိတ်လို့၊ ငြိမ်သက်လို့၊ အေးစက်လို့
အိပ်မက်တချို့ထဲကလို... ။
ကျွန်မသွားတော့မယ်
နှုတ်ဆက်ခဲ့တာလား
နှုတ်ဆက်လိုက်ရတာလား
နှုတ်ဆက်ချင်လို့များလား....
ဟင့်အင်း... တစ်ခုမှမဟုတ်ဘူး...
ကံတရားရေ...
စည်းဝိုင်းထဲမှာသာဆို...
ခင်ဗျားကို... အလဲထိုးခဲ့တယ်... ။
ကမ္ဘာမှာ
ဘယ်သူမှပုံဖော်လို့မရသေးတဲ့
ထာဝရရှင်သန်ခြင်း
ကျွန်မချဉ်ခြင်းဖြစ်မိသလား... (သံသယ)
ဒါပေမယ့်... ခုတော့...
အရောင်ပြယ်စပြုနေတဲ့
မပြီးသေးတဲ့ပန်းချီကား
ကျွန်မ လက်စသပ်သွားရဦးမယ် ... ။
ရင့်မှိုင်းမှိုင်းဆေးရောင်တွေရဲ့အဆုံး
ရော့ရဲသွားတဲ့စုတ်ချက်
ငြိမ်သက်သွားတဲ့မှတ်တိုင်
အရွယ်မတိုင်ခင်ကြွေလွင့်
ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီ
အိုင်ထွန်းစီးဆင်းလာတဲ့ မျက်ရည်စက်
လမ်းတစ်ဝက်မှာပဲရပ်တံ့
ပျံ့လွင့်လာတဲ့ရှိုက်သံများ
ကျွန်မ၀ိညာဉ်အားနှိပ်စက်
အေးစက်တုန်ရီ
မပီပြင်တဲ့ခရီးဆုံးမြို့တံခါး
တအားဆွဲပိတ်...
ကျွန်မ... မျက်စိမှိတ်လိုက်ရပြီလေ။ ။
မနော်ဟရီ
Manor Hary
posted by NLS at 6:26 AM 0 comments links to this po
သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ
တကယ်တမ်းကျတော့
ငါ့လက်က ဖိတ်ကျသွားတဲ့သစ္စာတရား
သိပ်မများပါဘူး ချစ်သူ
လူမည်ရုံလေးပါ။
တွေ့လား...
မေတ္တာတရား... ရှေ့ထားဟန်ပြရင်ပဲ
လူရာမ၀င်တော့သလို
မျက်နှာညိုပြနေလိုက်ကြတာ...
ကြာလာတော့လည်း...
သိုးမည်းတွေထဲ ဖြူနေသူ
အလယ်လူအပြစ်ဖြစ်မှာစိုးလို့
မိုးခါးရေတစ်ခွက်
ခပ်သွက်သွက်မော့သောက်လိုက်တယ်။
ကြမ်းတမ်းစွာစီးဝင်သွား
နှလုံးသားတစ်လျှောက်
ဖောက်ပြန်မှုတို့ရုန်းထ
ဘ၀သိက္ခာ...
ငါ... ပြန်မရနိုင်တော့ပါလား။
ချစ်သူရေ
ကိုယ့်ကိုခွင့်မလွှတ်လိုက်ပါနဲ့။