WELCOME TO BLESSING POWAH FAMILY

Health




လူငယ်တို့တွင် ဖြစ်လာသည့် သွေးချို ဆီးချို










,
ကယ်လ်ဗင်သည် အသက်ချိုရောဂါ ရခဲ့သည်။ သူသည်
ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ညအချိန် ဆီး-မကြာခဏ သွားခြင်းတို့ကို
ခံစားရသဖြင့် သူ့ဖခင်က စိုးရိမ်ကာ သားဖြစ်သူအား ကျန်းမာရေးဌာနသို့
သွားရောက်ပြသခဲ့ရာမှ သွေးချို-ဆီးချိုရောဂါ ဖြစ်နေကြောင်း သိရသည်။

ကယ်လ်ဗင်သည် ငယ်စဉ်ကတည်းက သရေစာများကို အလွန်အကျွံ စားခဲ့ပြီး အဝလွန်သူ
တဦးဖြစ်ခဲ့သည်။ သူက သရေစာ တွေ့ကရာ စားပြီး ဆီဗီ အမြဲထိုင်ကြည့်ရာမှ
ယခုလို အဝလွန်ခဲ့ရကြောင်း ပြောခဲ့သည်။

အသက် ၂၅-နှစ်အရွယ်တွင် စီးပွားရေးသမား တဦးဖြစ်လာသည့် ကယ်လ်ဗင်သည်
စင်ကာပူ ဆေးရုံကြီးတွင် သွေးချို ဆီးချို ရောဂါကုဌာန၌ ပြသ၍ ကုသမှုကို
ခံယူခဲ့သည်။

ယင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ပီတာအင်ဆီကို-က ကယ်လ်ဗင်သည်
လွန်ခဲ့သော နှစ် ၂၀-ကတည်းက သွေးချို ဆီးချို ရောဂါအမျိုးအစား ၂ (Type-2
Diabetes)ရရှိရန် အစပျိုးခဲ့ကြောင်း ပြောသည်။


ကယ်လ်ဗင်ကဲ့သို့ပင် လူအများစု၌ သွေးချို ဆီးချို ရောဂါကို မတွေ့ရှိမီ
၅-နှစ်မှ ၇-နှစ်အတွင်း ရောဂါလက္ခဏာ တစုံတရာ ခံစားရခြင်း မရှိခဲ့ချေ၊
ဆေးရုံ ဆေးခန်းများသို့ ရောဂါလက္ခဏာများပြ၍ လာရောက်သည့်အခါ
ရောဂါရှိပြီး ဖြစ်သဖြင့် ရှောင်ကွင်း၍ မရတော့ချေ။ တသက်တာလုံး
ရောဂါရသွားမည်သာ ဖြစ်သည်။


သွေးချို ဆီးချို ရောဂါ နှစ်မျိုးရှိရာ Type-2 Diabetes အမျိုးအစားမှာ
မွေးရာပါ ရောဂါဖြစ်ပြီး ကလေးများတွင် အများဆုံးဖြစ်၍ လူငယ်များလည်း
ဖြစ်နိုင်သည်။ ယင်းမှာ သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးသော အင်ဆူလင်
(Insulin)ဟော်မုန်းအား ပန်ကရိယ (pancreas) မှ ထုတ်လှုပ်မှု နည်းခြင်း၊
သို့မဟုတ်-မထုတ်လုပ်နိုင်ခြင်းကြောင့်ဖြစ်ရသည်။ ကုသရာတွင် အင်ဆူလင်
ဆေးကို နေ့စဉ် ထိုးပေးရသည်။


အာရှတိုက်၏ မြို့ပြများတွင် နေထိုင်မှု ပုံစံနှင့် သကြား၊ အဆီဓာတ်တို့
များသော အစားအသောက် စားသုံးမှု တို့က သွေးချို ဆီးချို ရောဂါကို
ဖြစ်ပွားစေသည်။ ဖြစ်ပွားသည့် ရောဂါ အမျိုးအစားမှာ Type-2 Diabetes
ဖြစ်ပြီး သွေးချို ဆီးချို ရောဂါ ဖြစ်ပွားသူများ၏ ၉၀-ရာခိုင်နှုန်းမှာ
ယင်းအမျိုးအစား ဖြစ်ကြသည်။ type-2 Diabetes ဖြစ်သူများမှာမူ
၁၀-ရာခိုင်နှုန်းသာ ရှိသည်။


လေ့ကျင့်ခန်း ပြုလုပ်ခြင်း မရှိသူတို့တွင် အင်ဆူလင်၏ အာနိသင်ကို
လျော့ကျစေသည်။ စိတ်ဖိစီးမှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေသည်။
သွေးချို ဆီးချိုကို မကုသလျှင် သွေးကြောများနှင့် တစ်သျှူးများ
ပျက်စီးပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်
ပျက်စီးခြင်း၊ အာရုံကြောများ ပျက်စီးခြင်းတို့ ဖြစ်ပွားသည်။


လူငယ်တို့တွင် ဖြစ်လာသည့် သွေးချို ဆီးချို

Type-2 Diabetes ရှိသူ ၅၀-ရာခိုင်နှုန်းကျော်မှာ အဝလွန်သူများ ဖြစ်ကြပြီး
ရောဂါမှာ ဆင်းရဲချမ်းသာမရွေး ဖြစ်ပွားစေနိုင်သည်။
ကမ္ဘာတဝန်းတွင် လူပေါင်း ၁၇၇-သန်းမှာ သွေးချို ဆီးချို ရောဂါကို
ခံစားနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းရာတွင် သွေးချို
ဆီးချို ဖြစ်ပွားနှုန်းမှာ ယခုနှုန်းအတိုင်း ဆက်လက်ဖြစ်ပွားမည်ဆိုလျှင်
၂၀၃၀-ပြည့်နှစ်တွင် သွေးချို ဆီးချိုဖြစ်ပွားသူ ဦးရေ ၃၆၆-သန်း ရှိမည်ဟု
ခန့်မှန်းသည်။


မနီလာမြို့ရှိ အနောက် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏
ကူးစက်ရောဂါ မဟုတ်သော ရောဂါများဌာနခွဲမှ ဌာနမှူး ဒေါက်တာဂိုဒန် ဂါလီယာက
အာရှ၊ ပစိဖိတ်ဒေသ အတွင်း သွေးချို ဆီးချို ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး
၂၀၃၀-ပြည်နှစ်တွင် ၁၉၁-သန်း အထိ ဖြစ်မည်ဟု ပြောသည်။


လာမည့် ခြောက်နှစ်ကာလ အတွင်း အာရှတိုက်သည် ကမ္ဘာပေါ်၌ ဖြစ်ပွားသည့်
သွေးချို ဆီးချိုရောဂါ ဖြစ်ပွားမှု၏ ၆၁-ရာခိုင်နှုန်း ရှိရာနေရာ
ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ
နှစ်နိုင်ငံတွင် သွေးချို ဆီးချို လူနာ သန်း ၁၀၀-ရှိလိမ့်မည်ဟု ဆိုသည်။
ယင်းနိုင်ငံတို့တွင် သွေးချို ဆီးချိုဖြစ်သူ လေးဦးတွင် သုံးဦးမှာ
ရောဂါမတွေ့ရသေးဘဲ ရှိမည်ဟု ခန့်မှန်းသည်။


ထိုင်းနိုင်ငံရှိ သွေးချို ဆီးချိုအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဆန်သောတန်ဟန်-က
လွန်ခဲ့သော နှစ် ၃၀-က ဗန်ကောက်ရှိ သွေးချို ဆီးချိုကု ဆေးခန်းတွင်
အပတ်စဉ် ပြသသည့် လူနာ ၂၀-ဦးသာရှိရာမှ ယခုအခါ နေ့စဉ်လူနာ ၁၀၀-ရှိကြောင်း
ထိုင်းနိုင်ငံတွင် သွေးချို ဆီးချို လူနာဦးရေ နှစ်သန်းရှိမည်ဟု
ခန့်မှန်းကြောင်း ပြောသည်။

စင်ကာပူနိုင်ငံတွင် ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘဲ ခြေလက် ဖြတ်ရသူတို့တွင်
သွေးချို ဆီးချိုကြောင့်  အဓိကဖြစ်နေသည်။ နှစ်စဉ် ယင်းလူနာ ၇၀၀-ဦးမှာ
ခြေလက် ဖြတ်ရပြီး ဆုံးရှုံးမှု ရင်ဆိုင်နေရသည်။
၂၀၀၁-ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျောက်ကပ်သန့်စင် ကုသမှုကို ခံယူသူ
တဝက်ခန့်မှာ သွေးချို ဆီးချို လူနာများ ဖြစ်ကြသည်။ သူတို့သည် သွေးချို
ဆီးချို ဖြစ်ပွားရာမှ ကျောက်ကပ် ထိခိုက် ပျက်စီးသည်။


ဟောင်ကောင်တွင် သွေးချို ဆီးချို ရောဂါအတွက် အသုံးစရိတ်မှာ ကျန်းမာရေး
စောင့်ရှောက်မှု အသုံးစရိတ်အပေါ် ဒဏ်ပိစေကြောင်း ၊ သွေးချို ဆီးချိုကြောင့်
သေဆုံးရသူ ၈၀-ရာခိုင်နှုန်းမှာ
နှလုံးရောဂါနှင့် လေဖြတ်ရောဂါတို့ကြောင့် ဖြစ်ကြောင်းPrince of Wales
ဆေးရုံကြီးမှ ဒေါက်တာ အယ်လ်လိုင်ဇာရှာက ပြောသည်။


ဖိလစ်ပိုင်နိုင်ငံတွင်လည်း အလားတူ တွေ့ကြုံနေရသည်။ ဖိလစ်ပိုင်
တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေး
ကောလိပ်မှ ဒေါက်တာ ဂျိမ်း ဘော်လ်တာဇာက ၂၀၀၂-ခုနှစ်တွင် လူ ၇၀၀၀-ဦးအား
လေ့လာမှုအရ သွေးချို ဆီးချို ဖြစ်ပွားသူ ၅၀-ရာခိုင်နှုန်း
များပြားလာကြောင်း၊ သွေးချို ဆီးချို မဖြစ်ပွားမီ တွေ့ရသည့် ဂလူးကို့စ်
သကြားဓာတ် ခံနိုင်ရည်ရှိမှုပျက်ပြားခြင်း အခြေအနေရှိသူ ဦးရေ နှစ်ဆ
တိုးပွားလာကြောင်း ပြောသည်။

Type -2 Diabetes သည် အသက်ကြီးသော လူကြီးများတွင် ဖြစ်ပွားလေ့ရှိသော်လည်း
ကျန်းမာရေးနှင့် မညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံကြောင့်
လူငယ်လူရွယ်တို့တွင် ဖြစ်ပွားနေသည်။
ကမ္ဘာတဝန်းတွင် Type -2 Diabetes သည် ကလေးများတွင် ဖြစ်ပွားသည်။ သို့သော်
ယခုအခါ ကလေးများတွင် အဓိကဖြစ်ပွားသော သွေးချို ဆီးချို အမျိုးအစားမှာ
Type-1Diabetes မဟုတ်တော့ဘဲ Type-2 Diabetes ဖြစ်နေသည်ကို
ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် တွေ့ရှိနေရသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ကလေးများ လူငယ်များ အဝလွန်လာသောကြောင့် ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ကလေးများ၌ဖြစ်သော သွေးချို ဆီးချို ၈၀ရာခိုင်နှုန်းမှာ
Type-2 Diabetes ဖြစ်နေသည်။ ယင်းဖြစ်ပွားမှုအသွင်မှာ အာရှတိုက်တလျှောက်
ပျံ့နှံ့နေကြောင်း တရုတ်တိုင်ပေ သွေးချို ဆီးချို အသင်းမှ ဒေါက်တာ
ချင်ဖိုင်ကောက်က တွေ့ရှိခဲ့သည်။


တောင်ကိုရီးယား နိုင်ငံတွင် Type-2 Diabetes လူနာ ငါးသန်း ရှိမည်ဟု
ခန့်မှန်းထားသည်။ ၂၀၀၁-ခုနှစ် ဒီဇင်္ဘာလတွင် ကင်မ်ဆန်ဟို အမည်ရှိ အသက်
၁၄-နှစ်အရွယ် လူငယ်တဦးသည် အလွန်ရေငတ်ခြင်း၊ ဆီး မကြာခဏ
သွားခြင်းတို့ကြောင့် ဆိုးလ်တက္ကသိုလ်ဆေးရုံသို့ ပြသခဲ့ရာ သွေးချို
ဆီးချိုရောဂါ ဖြစ်ပွားကြောင်း
တွေ့ရှိခဲ့သည်။ သူသည် အားလပ်ချိန်များတွင် ဗီဒီယိုဂိမ်း ကစားခြင်း၊
အစားအစာ အလွန်အကျွံ စားခြင်းတို့ကြောင့် သာမန်ထက်ပိုပြီး ဝနေသူဖြစ်သည်။


သွေးချို ဆီးချိုကု ဆရာဝန်ကြီး ကင်မ်ဆန်ရေးက တောင်ကိုရီးယားနိုင်ငံတွင်
နေထိုင်မှုပုံစံ
ပြောင်းလဲခြင်းနှင့် လေ့ကျင့်ခန်း မပြုလုပ်ခြင်း တို့သည် ကြီးမားသော
ပြဿနာတရပ် ဖြစ်လာနေသည်ဟု ဆိုသည်။ သူက အသက် ငယ်ရွယ်သည့် သွေးချို ဆီးချို
ဝေဒနာရှင်များ လျင်မြန်စွာ တိုးပွားလာနေသည်ဟု
ပြောသည်။


အိန္ဒိယနိုင်ငံ ဘန်ဂလိုးမြို့ရှိ နာရ ရာန ဟရူဒါယာလရ ဆေးရုံမှ သွေးချို
ဆီးချိုကု ဆရာဝန်ကြီး ဒေါက်တာ ရှာလီနီ ရာဂျက်ရှိက သွေးချို ဆီးချို
ဖြစ်စေသည့် ကြီးမားသော ကျန်းမာရေး ပြဿနာများတွင် မျိုးရိုး
လိုက်ခြင်းနှင့် အခြားအန္တရာယ် ဖြစ်စေသည့် အချက်များ စုပေါင်းမှုတို့
ပါဝင်ကြောင်း၊ တောင်အာရှ
နိုင်ငံသားများသည် အခြား အာရှနိုင်ငံသားများထက် မျိုးရိုးဗီဇအားဖြင့်
နှစ်ဆ ပိုမို၍ ရောဂါရလွယ်ကြောင်း
ပြောသည်။


ဖခင်နှင့် ဦးလေးတွင် သွေးချို ဆီးချို ရောဂါ ရာဇဝင်ရှိသည့် မူရာလီသည်
အသက် ၃၅-နှစ်ရှိပြီး ကွန်ပျူတာ ကုမ္ပဏီတခုတွင် လုပ်ကိုင်သည်။ သူသည်
ရေအလွန်ငတ်ခြင်း၊ ဆီး မကြာခဏ သွားခြင်းတို့ကြောင့်
ဆေးရုံသို့ ပြသခဲ့သည်။ သူသည် တလအတွင်း ကိုယ်အလေးချိန် သုံးကီလိုဂရမ် လျော့ကျခဲ့သည်။


သူသည် ဆေးလိပ်သောက်ခြင်း မရှိသည့်အပြင် အရက်ကို အနည်းငယ်သာ  သောက်သူဖြစ်သည်။
လေ့ကျင့်ခန်းမပြုလုပ်ခြင်းနှင့် သရေစာများ အမြဲ စားသုံးခြင်းတို့က
၁၆၀-စင်တီမီတာ မြင့်သော အရပ်အမောင်းနှင့် မလျော်ညီသည့် ကိုယ်အလေးချိန်
၈၀-ကီလိုဂရမ်သို့ ရောက်ရှိစေသည်။


မူရာလီ၏ သွေးထဲရှိ သကြားဓာတ်မှာ မြင့်တက်နေသဖြင့် ဒေါက်တာ ရှာလီနီက
ဆေးဝါးများဖြင့် ကုသခဲ့သည်။ နေထိုင်မှုပုံစံ ပြောင်းစေခဲ့သည်။
ဒေါက်တာ ရှာလီနီက လွန်ခဲ့သော ၁၀-နှစ်က အသက် ၅၀-အရွယ် သွေးချို ဆီးချို
လူနာများကို အများဆုံး တွေ့ခဲ့ရသည်။ ယခုအခါ အသက် ၃၀-အရွယ် လူနာများကို
တွေ့နေရကြောင်း ပြောပြသည်။


တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ရောဂါနှိမ်နင်းရေးနှင့် ကာကွယ်ရေး ဌာနမှ
အရာရှိတို့က မြို့နေပြည်သူ လူထုအား သတိပေးရာတွင် ပြည်သူလူထု
သုံးပုံတပုံနှင့် ကျောင်းသူ ကျောင်းသား ၁၈-ရာခိုင်နှုန်းမှာ
အလွန်အကျွံစားသောက်ခြင်း၊ လှုပ်ရှား လေ့ကျင့်မှု မရှိခြင်းတို့ကြောင့်
အဝလွန်နှုန်း နှစ်ဆ မြင့်တက်ကာ အနာဂတ်တွင် သွေးချို ဆီးချို ရောဂါ
ဖြစ်ပွားမှု များပြားလာစေရန် ဦးတည်နေကြောင်း ပြောသည်။


စင်ကာပူနှင့် ဟောင်ကောင်တို့တွင် ကလေး ၄-ယောက်တွင် ၁-ယောက်သည် ဝသူများ
ဖြစ်ကြသည်။ ဗန်ကောက်မြို့တွင် ကျောင်း၌ လေ့လာမှုတရပ်က ၅-နှစ်နှင့် ၁၅-နှစ်
အတွင်းရှိ ကျောင်းသူ ကျောင်းသား သုံးပုံ တပုံမှာ ဝကြကြောင်း
ဖော်ပြထားသည်။


အဝလွန်သည့် ကလေး ၃၅-ဦးအား ဆီးရီရပ်ခ်ျ ဆေးရုံရှိ ကလေးရောဂါ ကုသည့်
ဆေးခန်းသို့ ပြသခဲ့ရာ ခုနစ်ဦးတွင် သွေးချို ဆီးချိုရောဂါရှိပြီး
ဖြစ်သည်ကို တွေ့ရသည်။ ဒေါက်တာ ဆန်သွန်က သွေးချို ဆီးချို ရောဂါကြောင့်
သတိလစ် မေ့မြောသည့် လူငယ်လူရွယ်တို့ကို တွေ့ရှိကြောင်း၊ ကလေးများသည်
ကျန်းမာရေးနှင့် မညီညွတ်သော သရေစာမုန့်များကို စားခြင်းဖြင့်
ငွေကုန်ကြေးကျ ခံနေရကြရကြောင်း
ပြောကြားသည်။


ဗန်ကောက်မြို့မှ ဓာတ်ခွဲကျွမ်းကျင်သူ ပရာဆစ် တာဝီဗင်သည် သွေးချို ဆီးချို
ရောဂါကို ကုသရာတွင်
ဆေးသောက်ရာမှ အင်ဆူလင် ထိုးခြင်း ပြောင်းရသည်။ သူ့ ကိုယ်အလေးချိန်
ကျရန်လည်း ကြိုးစားနေသည်။ သူ့အမေသည် သွေးချို ဆီးချိုရောဂါကြောင့်
သေဆုံးခဲ့ရသည်။ ယခုအခါ သူသည် အသက် ၈-နှစ်ရှိ သူ့သားအတွက်
စိုးရိမ်နေရှာသည်။ သူ့သားလည်း အဝလွန်သူ တယောက် ဖြစ်နေသည်။ သူက ကလေးကို
သရေစာ မုန့်များ အချိုရည်များနှင့် ဝေးကွာစေရန်မှာ ခက်ခဲသည်ဟု ဆိုသည်။

သွေးချို ဆီးချို ရောဂါကို နှိမ်နင်းရန် သော့ချက်မှာ ကာကွယ်ခြင်းပင်
ဖြစ်သည်ဟု စင်ကာပူမှ ဒေါက်တာ ပီတာအင်ဆီကိုက ပြောသည်။ စင်ကာပူတွင်
ပြည်သူလူထုတွင် သွေးချို ဆီးချိုရောဂါ ရှာဖွေရန်နှင့်
အန္တရာယ်ရှိသူများကို ဖော်ထုတ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။
ပြည်သူတို့အား ရောဂါပြင်းထန်မှုကို
လျော့နည်းစေရန် သို့မဟုတ်-ရှောင်ကြဉ်ရန် နေထိုင်မှုပုံစံကို မည်သို့
ပြောင်းလဲသင့်ကြောင်း အသိပညာ ပေးသည်။


မလေးရှားနိုင်ငံတွင် အဓိက ဆေးရုံ ၂၉-ခုတွင် သွေးချို ဆီးချို ကုသဌာနများ
ထားရှိရာမှ ကျန်းမာရေး ဌာနခွဲ ၈၅၅-ခုအထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး
သွေးချို ဆီးချိုရောဂါကို ကုသပေးနေသည်။ အချို့ ဌာနခွဲများတွင် လူနာ
၈-ဦးမှ ၁၀-ဦးထိ စုပြီး သွေးထဲရှိ သကြားဓာတ်ကို တိုင်းသည့် glucose
meter-ခေါ် ကိရိယာကို ဝယ်ယူကြသည်။


အင်ဒိုနီးရှားနိုင်ငံတွင်လည်း ပြည်သူလူထုအား သွေးချို ဆီးချို
ရောဂါဆိုင်ရာအသိပညာ ပေးခြင်းကို
ဆောင်ရွက်လျက်ရှိသည်။
ထိုင်ဝမ်ရှိ ဆေးရုံကြီးများတွင် လူနာတိုင်းအား သွေးချို ဆီးချိုရောဂါ
ရှိ-မရှိ စစ်ဆေးသည်။


သွေးချို ဆီးချိုရောဂါ အန္တရာယ်ရှိသူတို့မှာ မျိုးရိုးထဲ၌ ရောဂါဖြစ်ဖူးသူ၊
အဝလွန်သူ၊ အသက် ၄၀-ကျော်သူ၊ ကိုယ်အလေးချိန် ၄-ဒသမ ၅-ကီလိုဂရန်ထက် ပိုသည့်
ကိုယ်အလေးချိန် ပိုင်ဆိုင်သော ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊
ကိုယ်အလေးချိန်များသော ကလေးကို မွေးဖွားသည့် မိခင်များ ဖြစ်ကြသည်။


သွေးချို ဆီးချို ရောဂါဖြစ်လျှင် ရေ-အလွန်ငတ်ခြင်း ၊ နေ့
သို့မဟုတ်-ညပိုင်းတွင် ဆီး မကြာခဏ သွားခြင်း၊ အကြောင်းမရှိဘဲ
ကိုယ်အလေးချိန် လျော့ခြင်း၊ အမြင် မှုန်ဝါးခြင်းနှင့် ပင်ပန်း
နွမ်းနယ်ခြင်းတို့ ဖြစ်သည်။


သွေးချို ဆီးချိုရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန် အချိုအဆိမ့်များ
အစားများခြင်းမှ ရှောင်ကြဉ်ခြင်း၊ နေ့စဉ် တကြိမ်လျှင် ၁၀-မိနစ်ခန့်
သုံးကြိမ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတို့က
အထောက်အကူ ပြုမည် ဖြစ်ပါသည်။


ဒေါက်တာ အောင်သန်း






   

 

အဆီကျစေတဲ့ အဟာရပစ္စည်း (၃)ခု

 
ယနေ့လူတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတဲ့ လူနေမှု စရိုက်ကြောင့် ဖြစ်ပွား
ရသည့် ရောဂါတစ်ခု ဖြစ်သော နှလုံးသွေးကြောရောဂါ ဖြစ်ရခြင်း၏ အန္တရာယ်
ဖြစ်နိုင်ခြေများထဲမှာ သွေးတွင်း အဆီဓာတ် ပမာဏ
များပြားခြင်းဆိုတဲ့အချက်တစ်ချက်လည်း အပါအဝင်ဖြစ်တယ်။ အဆီကို
ကြိုက်ကြသော်လည်း အဆီ ကို ကြောက်ရမှန်း၊ ဆင်ခြင်ရမယ်မှန်း သိလာကြ
ပြီဖြစ်တယ်။

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ အဆီဓာတ်တွေ ပိုလျှံများပြားမနေ အောင်
ပြုလုပ်ပေးသော လူသိနည်း နေသေးတဲ့ အာဟာရပစ္စည်းအချို့ ရှိပါတယ်။ အဲဒီအထဲက
အဆီကျ စေသော အာဟာရပစ္စည်း ၃ ခု အကြောင်း ဖော်ပြလိုပါတယ်။ ပထမတစ်ခုကတော့
အသား ဓာတ်တစ်မျိုးဖြစ် ပါတယ်။ လူတွေစားလိုက်တဲ့ အသားတွေဟာ
ခန္ဓာကိုယ်ထဲရောက်ရင် ဓာတုဗေဒအမည်အားဖြင့် အမိုင်နို အက်စစ် လို့ခေါ်တဲ့
ပစ္စည်းတွေအဖြစ် ပြိုကွဲသွားပြီး ခန္ဓာကိုယ်ကြီးရဲ့ လုပ်ငန်း ဆောင်တာ
အမျိုးမျိုး ဆောင်ရွက်ရာမှာ ပါဝင်ကြရတယ်။

အချို့သော အမိုင် နိုအက်စစ်တွေက ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်ပေးနိုင်သော်လည်း
မီသီအို နင်း Methionine လို့ခေါ်တဲ့ အမိုင်နို အက်စစ်ကတော့ မရှိမဖြစ်
အသားဓာတ် Essential Amino acid တစ်မျိုးဖြစ်ပြီး အစားအစာထဲမှသော်
လည်းကောင်း၊ ဖြည့်စွက် အားဆေး အဖြစ်ထုတ်လုပ်ထားတာကို စားမှသော်
လည်းကောင်း ရရှိနိုင်တာဖြစ်တယ်။ Methionine ရဲ့ များပြားလှတဲ့
အာနိသင်တွေထဲက အဓိကတစ်ခုကတော့ အဆီကို လောင်ကျွမ်းစေခြင်း (Lipotropic
သို့မဟုတ် Fat Burning) ဖြစ်ပါ တယ်။ ဒါကြောင့် အဆီပိုတွေ ခန္ဓာကိုယ်ထဲ
စုဝေး မနေအောင် လုပ်ပေးနိုင်တယ်။ အဆီချိုး ကပ်ပြီး သွေးလွှတ်ကြောတွေ
မာခဲကာ ကျဉ်းမြောင်းသွားခြင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ခြင်း
တို့မှ ကာကွယ်ပေးနိုင်တယ်လို့ ယူဆ နိုင်ပါတယ်။

အင်တီအောက်စီးဒင့်ဖြစ်ခြင်း၊ ခန္ဓာကိုယ်ထဲဝင်ရောက်လာတတ်သော
အပြင်းစားသတ္တုဓာတ် ဥပမာ-ခဲဓာတ်၊ ပြဒါးဓာတ်တို့ကို ဖယ်ရှားပေးရာတွင်
အဓိကနေရာမှ ပါဝင်ခြင်း၊ သွေးလွှတ် ကြောများ၏ လုပ်ငန်းများနှင့် အသည်း၊
ကျောက်ကပ်၊ ဆီးအိမ်တို့၏ လုပ်ငန်း များကို ကောင်းမွန်စေခြင်း၊ အရေပြား၊
ဆံပင်နှင့် ခြေသည်းလက်သည်း ကျန်း မာရေးထိန်းသိမ်းခြင်း၊ ကြွက်သားများ
သန်စွမ်းကြီးထွားမှုနှင့် စွမ်းအင်ထုတ် လုပ်ပေးခြင်းစသည်တို့ ပါဝင်ပါတယ်။
ဓာတ်မတည့်မှု Allergy ဖြစ်ခြင်းများ ကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင်
မှတ်ဥာဏ် ကောင်းစေခြင်း၊ စိတ်ဖိစီးမှုနှင့် စိုးရိမ်သောက ဖြစ်မှုတို့ကို
လျော့နည်းစေခြင်းစတဲ့ ကောင်းကျိုးတွေလည်း ရစေနိုင်ပါတယ်။

ဖော်ပြပါ ကောင်းကျိုး အာနိသင် ရရှိလိုသူတိုင်းနဲ့ အားကစားသမားများ၊
သက်သတ်လွတ်စားနေသူများ၊ အရက်တာရှည်စွဲပြီး အသားဓာတ် ချို့တဲ့နေသူများ
ဖြည့်စွက်စားပေးရန် လိုအပ်ပါတယ်။ ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်ကတော့
ဆရာဝန်နှင့် တိုင် ပင်ပြီးမှသာ သောက်ရန်ဖြစ်ပါတယ်။

ဒုတိယတင်ပြလိုတဲ့ အာဟာရ ပစ္စည်းကတော့ Choline လို့ခေါ်တဲ့ ဗီတာမင်နှင့်
ဆင်တူသော ပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ဘီအုပ်စုပါ ဗီတာမင် များနှင့်
ဖွဲ့စည်းတည်ဆောက်ပုံ ဆင် တူတယ်လို့ သိရပါတယ်။ ဒီပစ္စည်းက ခန္ဓာကိုယ်ရှိ
အသေးဆုံး ယူနစ်ဖြစ် သော ကလာပ်စည်းများရဲ့ နံရံဖွဲ့စည်း တည်ဆောက်ရာမှာ
ပါဝင်ပါတယ်။ သူ့ရဲ့လုပ်ငန်းထဲမှာ အသည်း တွင် အဆီများ လာရောက်စုပုံခြင်း
မဖြစ်အောင် တားဆီးပေးခြင်း ပါဝင် ပါတယ်။

ဒါကြောင့် အသည်းအဆီ ဖုံးရောဂါ Fatty Liver မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။ အသည်း ကျန်းမာရေးအတွက် ထိန်းသိမ်းပေး နိုင်ပါတယ်။
သွေးအတွင်း ကိုလက် စထရောလ် အဆီဓာတ်များကို ကျစေ ပါတယ်။ ဒါကြောင့်
နှလုံးသွေးကြော ရောဂါကာကွယ်ပါတယ်။ ဒါ့အပြင် ဟိုမိုစစ်စတင်း
(Homocysteine) လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးရဲ့ ပမာဏကိုလည်း
လျော့နည်းကျဆင်း စေပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်း များနေသူများဟာ
ဆီးချိုသွေးချိုရောဂါ၊သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်
စထရောလ်များခြင်း၊ဆေးလိပ်သောက် ခြင်းများ ရှိခြင်း၊
မရှိခြင်းနှင့်မဆိုင်ဘဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားလေ့ ရှိပါတယ်။

ဒါ့ကြောင့် Choline က ဟိုမိုစစ်စတင်းကို ကျစေခြင်းဖြင့် နှလုံး
သွေးကြောရောဂါမဖြစ်အောင်ကာကွယ် ပေးနိုင်စွမ်းရှိတယ်လို့ ဆိုနိုင်ပါတယ်။
အချို့သော ကင်ဆာရောဂါများ မဖြစ် အောင်လည်း ကာကွယ်ပေးနိုင် ပါသေးတယ်။

တတိယတင်ပြမှာကတော့ Inositol လို့ခေါ်သော ဗီတာမင်နှင့် တူတဲ့
အာဟာရဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ အာနိသင် ၂ ခုကတော့
သွေးတွင်းကိုလက်စထ ရောလ်ကို လျော့နည်းစေခြင်းနှင့် ထရိုင်ဂလစ်စရိုက်
(Triglyceride) လို့ခေါ်တဲ့ အဆီတစ်မျိုးကို လျော့နည်းစေခြင်းပဲ ဖြစ်ပါတယ်။
နှလုံးသွေးကြောရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ သဘောပေါ့။

သွေးဖိ အားမြင့်မားနေမှုကိုလည်း ကျဆင်း စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင်
အမျိုးသမီးများတွင် သားဥကြွေခြင်းကိုဖြစ်ပေါ်စေပြီး အမျိုးသားဟော်မုန်း
Testosterone များနေမှု များကို လည်း လျှော့ချပေးနိုင်ပါတယ်ဆိုတာ
ဖော်ပြရင်း ဒီဆောင်းပါးကို နိဂုံးချုပ် လိုက်ပါတယ်။